ရေစကြိုမြို့နယ် ကျောက်လှေခါးရွာမှ စစ်ကောင်စီကင်းစခန်းကိုတိုက်ခိုက်ရာ ၅ ဦးသေဆုံးဟုဆို
ကိုခင်မောင်
(မဇ္ဈိမ) ။ ။ မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ကျောက်လှေခါးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဂိတ်စခန်းကို သိမ်းပိုက်ရန် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း Yesagyo Revolution Group (YRG) က သတင်းထုတ်ပြန်သည်။
မတ်လ ၁၃ရက် နံနက် ၅နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ပခုက္ကူ- ရေစကြိုလမ်းပေါ်ရှိ ကျောက်လှေခါးကျေးရွာတွင် ဘန်ကာအထပ်ထပ်ပြုလုပ်ကာ ခရီးသွားပြည်သူများအား ဆက်ကြေးကောက်ခံနေသော စစ်ကောင်စီတပ်ဖွဲ့ဂိတ်ကို Yesagyo Revolution Group (YRG) နှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။
“အဲဒီဂိတ်မှာက စခ(စစ်ကောင်စီတပ်ဖွဲ့)အင်အား ၂၅ ယောက်ဝန်းကျင်ရှိတာ။ ဒရုန်းသုံးစင်းနဲ့ ဗုံးသီးတွေချတိုက်ခဲ့တာဗျ။ အပြန်လှန်ပစ်ခတ်မှု ၂၅မိနစ်လောက်ကြာတယ်။ ဖောကားနဲ့စစ်ကူလာတော့ စခန်းမသိမ်းနိုင်ခဲ့ဘူး။ အဲ့ကားနဲ့ပဲ သေဆုံးဒဏ်ရာရသူတွေကို မိုးကာအုပ်ကာ ပခုက္ကူဘက်ကို သယ်ဆောင်သွားတာပါ” ဟု Yesagyo Revolution Groupမှ ကိုရေခဲက မဇ္ဈိမကို ပြောသည်။
ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် ဂိတ်စခန်း၊ဘန်ကာနှင့် ပခုက္ကူ GTCကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို အီနာဂါဗုံးသီးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ပြီး မြေပြင်တွင်လည်း အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ၎င်းကပြောသည်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များ၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီဂိတ်စခန်းပေါ်မှ စက်လက်ဖြင့်ပစ်ခတ်နေသော စစ်ကောင်စီတပ်သားတစ်ဦး အောက်သို့ပြုတ်ကျကာ သေဆုံးခဲ့သည်ဟု Yesagyo Revolution Group၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ထို့အပြင် ကာကွယ်ရေးအဖွဲ့သည် ဘန်ကာအတွင်းသို့ ဝင်ရောက်ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘန်ကာအဆောက်အဦးပျက်စီးပြီး စစ်ကောင်စီတပ်သားလေးဦး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားသည်ဟု ဆိုသည်။
စခန်းအားသိမ်းရန်ကြိုးစားသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဂိတ်စခန်းသို့ ပခုက္ကူ GTC ကျောင်းနှင့် ပခုက္ကူ တပ်မ (၁၀၁)တို့မှ စစ်ကောင်စီတပ်သားများ စစ်ကူလာသောကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များ စခန်းမသိမ်းနိုင်ဘဲ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွါလာခဲ့သည်ဟု သိရသည်။
ယင်းတိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်သားများသည် ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များ၏လုံခြုံရေးအခြေအနေအရ တိုက်ပွဲသတင်းအား ယနေ့ မတ်လ ၁၈ရက်တွင် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ကိုရေခဲကပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ၏ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ကျောက်လှေခါးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဂိတ်စခန်းတိုက်ခိုက်မှုကို Yesagyo Revolution Group (YRG) နှင့် မဟာမိတ်အဖွဲ့များဖြစ်ကြသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်(ပကဖ)၊ Urban Underground Revolution Force (UURF)၊ မြင်းခြံခရိုင် တပ်ရင်း(၁)27 Revolution Force၊ မြင်းခြံခရိုင်တပ်ရင်း(၃)၊ Myingyan District Drone Strike၊ နဂါးနီ အထူးပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၊ Phoenix Ranger (မြိုင်)၊ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့YSO နှင့် Southern YSO PDF အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။