စစ်ကောင်စီတပ်နှင့် ပတ်သက်သော သတင်းများပေးပို့နိုင်ကြောင်း CDF – Matupi ဆို
—————————————————————–
ပါခွီး
မဇ္စျိမ ။။ ချင်းပြည်နယ် ၊ မတူပီမြို့သို့ဝင်ရောက်လမ်းများကို ထိန်းချုပ်ထားပြီး စစ်ဆေးလျက်ရှိရာ စစ်ကောင်စီတပ်နှင့်ပတ်သက်သော လူပုဂ္ဂိုလ်နှင့် တားမြစ်ကုန်ပစ္စည်းများတွေ့ရှိပါက သတင်းပေးပို့နိုင်ကြောင်း CDF – Matupi က ဖေဖော်ဝါရီလ ၃ ရက် နေ့တွင် ထုတ်ပြန်သည်။
မတူပီ – ဟားခါးလမ်းနှင့် မတူပီ – မင်းတပ်လမ်းတို့တွင် ဂိတ်များဖွင့်လှစ်လျက် Non CDMer များ ၊ ဒလန်များ ၊ အသိပေးထားသည့် တားမြစ်ကုန်များကို စစ်ဆေးလျက်ရှိ ကြောင်းဆိုသည်။
“ကျနော်တို့ စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်တဲ့ ပစ္စည်း ၊ လူနဲ့ ယာဉ်များ ဖမ်းဆီး သိမ်းယူတာတွေရှိပါတယ်။ တားမြစ်ကုန်ပစ္စည်းများကိုလည်း ယာဉ်လိုင်းများနဲ့ တကွ ပြည်သူများကို အသိပေးထားပြီးဖြစ်တဲ့အတွက် လိုက်နာမှုမရှိတဲ့သူများကို အရေးယူတာ တွေရှိပါတယ်” ဟု CDF – Matupi ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်း က မဇ္စျိမ ကိုပြောသည်။
တားမြစ်ကုန်များတွင် စစ်ကောင်စီနှင့် ပတ်သက်သည့် လုပ်ငန်းထုတ်ကုန်များ အပါအဝင် တင်ဒါလုပ်ငန်းများ လုပ်ကိုင်ရန် ဆောက်လုပ်ရေးပစ္စည်းများလည်း တားမြစ်ထားပြီး အိမ်သုံးပစ္စည်းကို အကန့်အသတ်ဖြင့် ခွင့်ပြုထားကြောင်းဆိုသည်။
အဆိုပါ မတူပီမြို့သို့ ဝင်ရောက်သော လမ်းမကြီးများမှ တစ်ဆင့် ကျေးရွာများအထိ ဆက်စပ်လျက်ရှိရာ အရေးပါသော လမ်းများဖြစ်ပြီး ကုန်ပစ္စည်းများ စစ်ဆေးမှုတွင် လစ်ဟာမှုမရှိစေရန် မိဘပြည်သူများအနေဖြင့် ဖုန်းနှင့်ဖြစ်စေ ၊ လူမှုကွန်ရက်များမှ တစ်ဆင့်ဖြစ်စေ သတင်းပေးတိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။
မတူပီမြို့သည် ချင်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိပြီး စစ်ကောင်စီအခြေချ တပ်ရင်း နှစ်ရင်းနှင့် တောင်ပိုင်း စစ်ဗျူဟာရုံး အခြေစိုက်တည်ရှိရာမြို့ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုးပမ်းမှုများကို ဟန့်တား နိုင်ရေးအတွက် ဇန်နဝါရီလအတွင်း မတူပီ – ပလက်ဝ ၊ မတူပီ – မင်းတပ် ၊ မတူပီ – ဘွေရာ ၊ မတူပီ – ဟားခါးလမ်းများတွင်ရှိသော ဂိတ်များကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၈ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ ၎င်းတို့ဘက်မှ ရဲဘော်တစ်ဦး ပြည်သူနှစ်ဦး ကျဆုံးခဲ့ကြောင်း CDF – Matupir မှ ထုတ်ပြန်ထားသည်။
စစ္ေကာင္စီတပ္ႏွင့္ ပတ္သက္ေသာ သတင္းမ်ားေပးပို႔နိုင္ေၾကာင္း CDF – Matupi ဆို
—————————————————————–
ပါခြီး
မဇၥ်ိမ ။။ ခ်င္းျပည္နယ္ ၊ မတူပီၿမိဳ႕သို႔ဝင္ေရာက္လမ္းမ်ားကို ထိန္းခ်ဳပ္ထားၿပီး စစ္ေဆးလ်က္ရွိရာ စစ္ေကာင္စီတပ္ႏွင့္ပတ္သက္ေသာ လူပုဂၢိဳလ္ႏွင့္ တားျမစ္ကုန္ပစၥည္းမ်ားေတြ႕ရွိပါက သတင္းေပးပို႔နိုင္ေၾကာင္း CDF – Matupi က ေဖေဖာ္ဝါရီလ ၃ ရက္ ေန႔တြင္ ထုတ္ျပန္သည္။
မတူပီ – ဟားခါးလမ္းႏွင့္ မတူပီ – မင္းတပ္လမ္းတို႔တြင္ ဂိတ္မ်ားဖြင့္လွစ္လ်က္ Non CDMer မ်ား ၊ ဒလန္မ်ား ၊ အသိေပးထားသည့္ တားျမစ္ကုန္မ်ားကို စစ္ေဆးလ်က္ရွိ ေၾကာင္းဆိုသည္။
“က်ေနာ္တို႔ စစ္ေကာင္စီနဲ႔ပတ္သက္ဆက္ႏြယ္တဲ့ ပစၥည္း ၊ လူနဲ႔ ယာဥ္မ်ား ဖမ္းဆီး သိမ္းယူတာေတြရွိပါတယ္။ တားျမစ္ကုန္ပစၥည္းမ်ားကိုလည္း ယာဥ္လိုင္းမ်ားနဲ႔ တကြ ျပည္သူမ်ားကို အသိေပးထားၿပီးျဖစ္တဲ့အတြက္ လိုက္နာမႈမရွိတဲ့သူမ်ားကို အေရးယူတာ ေတြရွိပါတယ္” ဟု CDF – Matupi ေျပာေရးဆိုခြင့္ရွိသူ နိုင္ဂၽြန္ကိမ္း က မဇၥ်ိမ ကိုေျပာသည္။
တားျမစ္ကုန္မ်ားတြင္ စစ္ေကာင္စီႏွင့္ ပတ္သက္သည့္ လုပ္ငန္းထုတ္ကုန္မ်ား အပါအဝင္ တင္ဒါလုပ္ငန္းမ်ား လုပ္ကိုင္ရန္ ေဆာက္လုပ္ေရးပစၥည္းမ်ားလည္း တားျမစ္ထားၿပီး အိမ္သုံးပစၥည္းကို အကန႔္အသတ္ျဖင့္ ခြင့္ျပဳထားေၾကာင္းဆိုသည္။
အဆိုပါ မတူပီၿမိဳ႕သို႔ ဝင္ေရာက္ေသာ လမ္းမႀကီးမ်ားမွ တစ္ဆင့္ ေက်းရြာမ်ားအထိ ဆက္စပ္လ်က္ရွိရာ အေရးပါေသာ လမ္းမ်ားျဖစ္ၿပီး ကုန္ပစၥည္းမ်ား စစ္ေဆးမႈတြင္ လစ္ဟာမႈမရွိေစရန္ မိဘျပည္သူမ်ားအေနျဖင့္ ဖုန္းႏွင့္ျဖစ္ေစ ၊ လူမႈကြန္ရက္မ်ားမွ တစ္ဆင့္ျဖစ္ေစ သတင္းေပးတိုင္ၾကားနိုင္ေၾကာင္း ေဖာ္ျပထားသည္။
မတူပီၿမိဳ႕သည္ ခ်င္းျပည္နယ္ေတာင္ပိုင္းတြင္ တည္ရွိၿပီး စစ္ေကာင္စီအေျခခ် တပ္ရင္း ႏွစ္ရင္းႏွင့္ ေတာင္ပိုင္း စစ္ဗ်ဴဟာ႐ုံး အေျခစိုက္တည္ရွိရာၿမိဳ႕ျဖစ္ေၾကာင္း သိရသည္။
စစ္ေကာင္စီ၏ ေရြးေကာက္ပြဲက်င္းပနိုင္ရန္ ႀကိဳးပမ္းမႈမ်ားကို ဟန႔္တား နိုင္ေရးအတြက္ ဇန္နဝါရီလအတြင္း မတူပီ – ပလက္ဝ ၊ မတူပီ – မင္းတပ္ ၊ မတူပီ – ေဘြရာ ၊ မတူပီ – ဟားခါးလမ္းမ်ားတြင္ရွိေသာ ဂိတ္မ်ားကို တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္သား ၁၈ဦးေသဆုံးၿပီး အမ်ားအျပားဒဏ္ရာရရွိကာ ၎တို႔ဘက္မွ ရဲေဘာ္တစ္ဦး ျပည္သူႏွစ္ဦး က်ဆုံးခဲ့ေၾကာင္း CDF – Matupir မွ ထုတ္ျပန္ထားသည္။