သားဖြစ်သူ စစ်ကောင်စီတပ်ကြပ်ကြီး PDF ဖခင်နှင့် ပူးပေါင်းပြီ
အသက် ၂၄ နှစ်အရွယ် ကိုစိုးခိုင်လင်း ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်နေသည်မှာ ကြာပြီဖြစ်သည်။ စစ်အာဏာမသိမ်းမီကတည်းက ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့တွင် တပ်ကြပ်ကြီးသင်တန်း တက်ရောက်နေသဖြင့် စစ်ကိုင်းတိုင်းရှိ မိဘများနှင့်ပါ အဆက်အသွယ်ပြတ်နေခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဘန့်ဘွေးရွာမရှိ တောင်သူမိသားစုတစ်စုတွင် ကြီးပြင်းလာသူ ကိုစိုးခိုင် လင်းမှာ ၂၀၂၀ နှစ်ဆန်းပိုင်းတွင် တပ်ထဲဝင်ခဲ့သူဖြစ်သည်။ ဘဝတက်လမ်းအတွက် အထက်တန်း အောင်ပြီးနောက် မုံရွာတွင် တက္ကသိုလ်စတက်ရင်း စစ်သားစုဆောင်းရေး ကိုယ်စားလှယ်တစ်ဦးနှင့် ဆုံမိကာ တပ်ထဲရောက်သွားသူဖြစ်သည်။
ရွှေဘိုရှိ တပ်တစ်ခုတွင် အခြေခံစစ်ပညာသင်တန်း ခြောက်လစတက်ရသည်။ ထိုမှတဆင့် တပ်ကြပ်ကြီး သင်တန်းတက်ရောက်ရန် အရွေးခံရသဖြင့် ကိုစိုးခိုင်လင်းအဖို့ ကံကောင်းသည်ဟု ဆိုရပေမည်။ တပ်ထဲ တွင်ရောက်ရောက်ခြင်း သင်တန်းပြီးသင်တန်းဆက်တွင်ခွင့်ရသည်။
သင်တန်းတက်နေသည့် နှစ်နှစ်တာလုံးလုံး အိမ်နှင့်အဆက်အသွယ်ကောင်းကောင်း မရခဲ့ပေ။ သင်တန်း တက်နေစဉ် ကာလတလျှောက်လုံး သူသိထားသည်မှာ တပ်မတော်က လိုအပ်၍ နိုင်ငံတော်အာဏာထိန်း သည်ဆိုသော ဇာတ်လမ်းမျှသာ။ လက်ကိုင်ဖုန်း သုံးခွင့်မရသော တပ်ကြပ်ကြီး ကိုစိုးခိုင်လင်း အပါအဝင် သင်တန်းသားများမှာ အာဏာသိမ်းမှုဖြစ်စဉ်အပေါ် ရေရေလည်လည် နားမလည်ခဲ့ကြပေ။
ယခုနှစ် မေလဆန်းပိုင်းမှသာ တပ်ကြပ်ကြီးသင်တန်းတက်နေသူ ကိုစိုးခိုင်လင်း မိဘများနှင့် အဆက် အသွယ်ရသည်။ အာဏာသိမ်းစစ်တပ်က စစ်ကိုင်းတိုင်းရှိ ရွာများကို စိတ်တိုင်းကျ မီးရှို့ဖျက်ဆီးနေချိန် ဖြစ်သည်။ ရာနှင့်ချီသော ကျေးရွာများ မီးရှို့ခံရပြီးဖြစ်သည်။ ယင်းမာပင်မြို့နယ်မှ သူ့ဇာတိ ဘန့်ဘွေးရွာ မလည်း အပါအဝင်ဖြစ်သည်။
စစ်တပ်က မီးရှို့သဖြင့် ကိုစိုးခိုင်လင်းတို့ မိသားစုနေအိမ်မှာ ပြာပုံဘဝရောက်နေပြီဖြစ်သည်။ အစ်ကို ဖြစ် သူ ကိုစိုးနိုင်လင်းလည်း စစ်ကောင်စီ၏ သတ်ဖြတ်ခြင်းခံရသည်။ ရွာတွင် ကျန်နေသည့် ဖခင်ဖြစ်သူက ဒေသခံတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသည်။
“အိမ်မီးရှို့ခံရတယ်။ အစ်ကို အသတ်ခံရတယ်။ အစ်ကိုအရင်း တစ်ယောက်ရယ်၊ ဝမ်းကွဲနှစ်ယောက်ရယ်၊ အဲဒါ စစ်သားတွေ လုပ်သွားတယ်ဆိုတာ အမေက ပြောတယ်” ဟု ကိုစိုးခိုင်လင်းက ဆိုသည်။တပ်ကြပ်ကြီးသင်းတန်း ပြီးဆုံးခါနီး မိခင်နှင့် ဖုန်းပြောရင်း ကိုစိုးခိုင်လင်း သိရသမျှ အကြောင်းဖြစ်သည်။
“အစ်ကိုတွေ အိပ်နေရင်းနဲ့ စစ်သားတွေက ဝင်သတ်သွားတယ်ဆိုတာပဲ ပြောတယ်။ ခိုးပြောတာဆိုတော့ ရှည်ရှည်ဝေးဝေး မပြောဖြစ်ပါဘူး”
တစ်ရွာလုံး တစ်နယ်လုံး တစ်မိသားစုလုံးကို ဗြောင်းဆန်အောင် လုပ်သွားသည်မှာ “စစ်သား” များဟု မိခင် ဖြစ်သူက ပြောပြချိိန်တွင် ကိုစိုးခိုင်လင်း ဝေခွဲမရ ဖြစ်မိသည်။ ဖုန်းခိုးဆက်ရသည်ဖြစ်ရာ အချိန်ကြာကြာ မပြောနိုင်သဖြင့် အကြောင်းစုံကား မသိရသေးပေ။
ဖုန်းပြောစဉ် မိခင်က တပ်မှ ထွက်ခဲ့ရန် တိုက်တွန်းသည်။ သူကိုယ်တိုင်လည်း စိတ်ထဲ အခဲမကြေဖြစ်နေ သည်။ အေးအေးလူလူ သင်တန်းနေရင်း နှစ်နှစ်နီးပါးအတွင်း အခြေအနေအားလုံး ပြောင်းလဲသွားပုံက မယုံနိုင်ဖွယ်ရာပင်။ မည်သို့ ခရီးဆက်ရမည် ထိုခဏတွင် ကိုစိုးခိုင်လင်း မဆုံးဖြတ်နိုင်ပေ။
မေလကုန်ပိုင်းတွင် တပ်ကြပ်ကြီးသင်တန်းပြီးချိန်တွင် လက်ကိုင်ဖုန်းပြန်ရသဖြင့် ကိုစိုးခိုင်လင်း အမေ ဖြစ်သူနှင့် အဆက်အသွယ်ပြန်ရသည်။ အခြေအနေကို ခြုံငုံ၍နားလည်လာသည်။ မိသားစုဝင်များ သတ် ဖြတ်ခံရ၊ အိမ်မီးရှိုခံရသည်မှာ ဘန့်ဘွေးရွာမတစ်ခုတည်း၊ သူမိသားစုတစ်ခုတည်း မဟုတ်ကြောင်း ခိုင် ခိုင်မာမာလိုက်ရသည်။
အခြေအနေအားလုံးကို သဘောက်ပေါက်သဖြင့် တပ်ထဲမှမဖြစ်မနေထွက်ရန် ကိုစိုးခိုင်လင်း ဆုံးဖြတ် လိုက်သည်။ တပ်မှထွက်ရန်ဆိုသည်မှာ လွယ်ကူသောကိစ္စမဟုတ်ပေ။ အခွင့်သာမည့်အချိန်ကို စောင့် ဆိုင်းရသည်။
သင်းတန်းပြီးနောက် ကိုစိုးခိုင်လင်းတစ်ယောက် တီကျစ်မြို့အခြေစိုက် တပ်မ ၅၅ လက်အောက်ခံ ခမရ ၅၁၁ တွင် တာဝန်ကျသည်။ ရာထူးမှာ တပ်ကြပ်ကြီးဖြစ်သည်။ ထိုသို့တာဝန်ထမ်းဆောင်ရင်း မိခင်ဖြစ်သူ ကျန်းမာရေးမကောင်းဟု အကြောင်းပြကာ တပ်မှအပြီးအပိုင် ခိုးထွက်ခဲ့သည်။
ယခုလတွင်း၌ပင် တပ်ကိုအောင်မြင်စွာ စွန့်ခွာနိုင်ခဲ့သည်။ တပ်ကြပ်ကြီးရာထူးဖြင့် သုံးလတာဝန်ထမ်း ဆောင်ခဲ့ရသည်။ တပ်ထဲတွင်ရှိနေစဉ် ရုံးလုပ် ငန်းသာ လုပ်ခဲ့ရပြီး ရှေ့တန်းမထွက်ခဲ့ရပေ။
သင်တန်းပြီးစ အသစ်စက်စက် တပ်ကြပ်ကြီး ကိုစိုးခိုင်လင်းတစ်ယောက် လက်ရှိအချိန်တွင် ဇာတိနယ် ပြန် ရောက်ပြီဖြစ်သည်။ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသည့် ဖခင်ဖြစ်သူနှင့် ရဲဘော်ရဲဘက်များ ဝမ်းပန်းတသာကြိုဆိုကြသည်။
“ရွာထဲလည်း ဘာမှ မရှိတော့ဘူး”
ကိုစိုးခိုင်လင်း၏ဇာတိ စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းစစ်တပ်ကို အပြင်းအထန် ခုခံတော်လှန်နေသော ဒေသဖြစ်သည်။ စစ်တပ်နှင့်တိုက်ပွဲများ အပြင်းအထန်ဖြစ်နေသည်မှာ လပေါင်းများစွာရှိပြီဖြစ်သည်။
လက်နက်ကိုင်တော်လှန်ရေး အားကောင်းရာ ချင်းပြည်နယ်နှင့်လည်း ဆက်စပ်နေသည်။ နိုင်ငံအနောက် မြောက်ပိုင်းရှိ စစ်ကိုင်းတိုင်းမှာ အိန္ဒိယနိုင်ငံနှင့်လည်း နယ်နမိတ်ချင်းထိစပ်နေသည်။ ဒေသခံ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (PDF) များ အင်အားအကောင်းဆုံး ဒေသဖြစ်သည်။
စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများကို ခြေလျင်တပ်များသက်သက်ဖြင့် မထိန်းချုပ်နိုင်တော့ဖြင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်နေသည်။ စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ် သောနှိမ်နင်းမှုများကြောင့် စစ်ကိုင်းတိုင်းသည် မြန်မာပြည်တွင် အဆိုးရွားဆုံးသော စစ်တလင်းဖြစ်လာ သည်။
လက်နက်ကိုင်ခုခံမှုကို စစ်တပ်က ဖြိုခွင်းရင်း ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ခံသည့် ရွာများကိုပါ ဖျက်ဆီးပစ်နေသည်။ အာဏာသိမ်းပြီးချိန်မှ ဩဂုတ် ၂၅ အထိ စစ်ကိုင်းတိုင်းအတွင်း အိမ်ပေါင်း ၂၀,၀၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထိုဖြစ်စဉ်များကို လေ့လာမှတ်တမ်းတင်နေသည့် Data For Myanmar အဖွဲ့က ဆိုသည်။
ရွာအပြန်ခရီးတလျှောက် တပ်ကြပ်ကြီး စိုးခိုင်လင်းတစ်ယောက်မြင်ခဲ့ကြားခဲ့ရသည်များက အသည်းနာ စရာကောင်းလှသည်။ စစ်တပ်အပေါ် လက်တုံ့ပြန်လိုစိတ်များ ပေါက်ဖွားလာသည်။
“ရွာဆိုရွာမှန်း မသိတော့ဘူး။ အကုန်လုံး မီးတွေရှို့ခံရတာ။ ရွာထဲလည်း ဘာမှ မရှိတော့ဘူး။ ရွာနဲ့ကို မတူဘူး။ ကျွန်တော်တို့နယ်မှ မဟုတ်ဘူး။ စရောက်ကတည်းက ကြည့်လာတဲ့ လမ်းတစ်လျှောက်လုံး။ လမ်းဘေးတွေက ဆိုင်တွေ၊ တိုက်တွေ၊ အိမ်တွေ အကုန်မီးရှို့ခံထားရတာ” ဟု ယင်းမာပင်နယ်ပြန် ရောက်နေပြီဖြစ်သော ကိုစိုးခိုင်လင်းက ပြောသည်။
စစ်ကိုင်းတိုင်း ပုလဲမြို့အခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်ေသာ ရိုးမရာဇာအဖွဲ့၏ အဆက်အသွယ် ဖြင့် တပ်ကြပ်ကြီးစိုးခိုင်လင်း ဇာတိနယ်ပြန်ရောက်လာခြင်းဖြစ်သည်။ ဗိုလ်ထွန်းတောက် အမည်ခံကာ ဒေသကာကွယ်ရေးလှုပ်ရှားနေသည့် ၅၂ နှစ်အရွယ် ဖခင်ဖြစ်သူနှင့် ပြန်လည်ပေါင်းစည်းမိပြီဖြစ်သည်။
အဖေ PDF၊ သားတပ်ကြပ်ကြီးဖြစ်သော်လည်း လက်ရှိတွင် သားအဖနှစ်ဦး စိတ်တူကိုယ်တူပေါင်းစည်မိပြီး