ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိကျေးရွာများကို ကရင်နီတပ်များ စစ်ဆင်ရေးဆင်နွှဲပြီး နယ်မြေရှင်းလင်းရေးပြုလုပ်
စစ်သားနှင့်ရဲများ လုံခြုံရေးစောင့်နေသည့် လူပုံစံ အရုပ်အတု များ စစ်တပ်က ချထား၊ ကျေးရွာများတွင် မြေမြှုပ်မိုင်းများ အများအပြား ထောင်သွား
ရဲခေါင်/People’s Spring
စစ်ကောင်စီတပ်စွဲထားခဲ့သည့် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ကုန်းသာ၊သေးဆူလဲ၊ပူဖားနှင့်ဒေါကမီးကျေးရွာများကို ပူးပေါင်းစစ်ဆင်ရေးဆင်နွှဲပြီး နယ်မြေရှင်းလင်းနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဒီဇင်ဘာ ၃ ရက်) ထုတ်ပြန်သည်။
နိုဝင်ဘာ ၂၈ရက်ကစ၍ KNDFဦးဆောင်၍ ကရင်နီတပ်မတော်(KA) ၊အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO PDF၊ Loikaw PDFတို့နှင့်အတူ အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသော ဒီးမော့ဆိုမြို့နယ် ကုန်းသာ၊သေးဆူလဲ၊ပူဖားနှင့်ဒေါကမီးကျေးရွာများတွင် ပူးပေါင်းစစ်ဆင်ရေးတစ်ရပ်ဆင်နွဲခဲ့ခြင်းဟု ဆိုသည်။
ကရင်နီပူးပေါင်းတပ်ဖွဲ့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များသည် ၎င်းတို့ တပ်စွဲထားသော ကျေးရွာများမှဆုတ်ခွာခဲ့သဖြင့် အဆိုပါကျေးရွာများကို KNDFနှင့် ပူးပေါင်းတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းနိုင်ခဲ့ပြီး ကုန်းသာကျေးရွာတွင် KRUတပ်များနေရာယူနိုင်ရန် နေရာချထားပေးခဲ့ကြောင်း ဖော်ပြသည်။
“ကျနော်တို့နယ်မြေရှင်းလင်းတော့ ရဲပုံစံ လူအရုပ်တွေ ၂ ခု၊ ၃ ခုတွေ့တယ်။ လုံခြုံရေး လူရှိတဲပုံစံလုပ်ထားတာ။ သူတို့ဘက်က။ အခုအထိ ပစ်ခတ်မှု တွေ ဖြစ်နေတယ်။ စစ်ရေးတင်းမာနေပါတယ်” ဟု KNDF ဗဟိုသတင်းနှင့် ပြန်ကြား ရေး ဌာနမှ တာဝန်ရှိသူက ပြောသည်။
“နယ်မြေ ပြန်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်တဲ့အတွက် ရဲဘော်အချို့ ထိခိုက်မှုနဲ့ ကျဆုံးမှုတော့ရှိခဲ့တယ်။စကစဘက်က ထိခိုက်သေဆုံးမှုကိုလည်း စစ်ရေးသတင်းထုတ်ပြန်တဲ့အခါမှာ အသေးစိတ်ထုတ်ပြန်ပါလိမ့်မယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ၊သေးဆူလဲ၊ပူဖားနှင့်ဒေါကမီးအထိအကြမ်းဖက်စစ်ကောင် စီတပ်များကို တိုက်ထုတ်နိုင်ခဲ့သော်လည်း အဆိုပါကျေးရွာများတွင် စစ်ဆင်ရေးမပြီးပြတ်သေးခြင်းမြေမြုပ်မိုင်းအန္တရာယ်ရှိနေခြင်းနှင့် လက် နက်ကြီးများ ကျရောက်သည့်အပြင် တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ကြောင်း အသိပေးသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အဆိုပါကျေးရွာများသို့ အစောတလျင် ပြန်လည်ဝင်ရောက်နေထိုင်ခြင်း လုံးဝမပြုလုပ်ကြရန်လည်း KNDF က အထူးတိုက်တွန်းသည်။
ဒီဇင်ဘာ ၂ ရက်က သေးဆူလဲကျေးရွာအတွင်းသို့ နေရပ်ပြန်ရောက်နေထိုင်သော ပြည်သူတစ်ဦး စစ်ကောင်စီတပ်မှ ထောင်ထားသော မြေမြုပ်မိုင်းနင်းမိပြီး အသက်ဆုံးရှုံးခဲ့သည်။
ထို့ကြောင့် KNDFမှ ထုတ်ပြန်သည့် စစ်ရေးသတင်းမျာကို ဂရုစိုက်စောင့်ကြည့်ပေးပါရန် မေတ္တာရပ်ခံထားသည်။စစ်ကောင်စီတပ်သည် ယခုနှစ် နှစ်ဆန်းပိုင်းကစ၍ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ နန်းမယ်ခုံမြို့အထိ အင်အားအလွန်အကျွံအသုံးပြု၍ ထိုးစစ်ဆင်ခဲ့ပြီး ဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်သည်။
(နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြသော ကရင်နီတပ်များမှ ရဲဘော်များနှင့် စစ်ကောင်စီတပ်သားများ၏ အသုံးအဆောင်ပစ္စည်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ – KNDF)
ဒီးမော့ဆိုနယ်မြေကိုပြန်လည်ထိန်းချုပ်ပြီး တေးသီချင်းများ သီဆိုပြန်လာကြသည့် KRU တပ်ပေါင်းစုရဲ့ အောင်ပွဲပြန် (ရုပ်သံ)
ရုပ်သံကြည့်ရန်👇👇👇
ခရက်ဒစ်ဗီဒီယို