တော်လှန်ရေးအောင်ပွဲအတွက် လိုအပ်တဲ့လက်နက် တပ်ဆင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဆို
=========
ဒီဇင်ဘာ ၁
နွေဦးတော်လှန်ရေးအောင်ပွဲခံနိုင်ရေးအတွက် လိုအပ်တဲ့ လက်နက်အင်အား တပ်ဆင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က RFA သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ အဲဒီလို ထည့်သွင်းပြောကြားခဲ့တာပါ။တော်လှန်ရေးအတွက် လူအင်အားအနေနဲ့ ရန်သူကို အနိုင်ယူနိုင်တဲ့ အင်အားမျိုးကို တည်ဆောက်ထားနိုင်ခဲ့ပြီလို့ သူကဆိုပါတယ်။
“လူအင်အားအနေနဲ့ကတော့ လုံလောက်ပါပြီ။ လက်နက်အင်အားဆိုတာကတော့ အားလုံးသိရှိပြီးဖြစ်မယ်။ ဒါကတော့ အကန့်အသတ်တစ်ခုအတွင်းမှာပဲ ဆောင်ရွက်ရတာ ဖြစ်တယ်။ လက်နက်တပ်ဆင်ရေးဆိုတာကတော့ စိတ်ရှိတိုင်း မမြန်နိုင်ဘူး။ သေချာဖို့ လိုတယ်။ သို့သော် အခုအချိန်မှာ ဒီတော်လှန်ရေးအောင်ပွဲခံဖို့အတွက် လိုအပ်တဲ့ လက်နက်အင်အားကိုလည်း တပ်ဆင်နိုင်ဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်ပြီလို့ ကျွန်တော့်အနေနဲ့ ပြောနိုင်ပါတယ်” လို့ ဦးရည်မွန်က ဆိုပါတယ်။
NUG အစိုးရအနေနဲ့ ရှာဖွေရရှိသမျှ ရန်ပုံငွေရဲ့ အဓိကအစိတ်အပိုင်းကို PDF တပ်မတော်လက်နက်တပ်ဆင်ရေးအတွက် အသုံးပြုနေသလို အခုဆိုရင် PDF တပ်မတော်ဟာ အတိုင်းအတာတစ်ခုအထိ လေ့ကျင့်မှု၊ စုဖွဲ့မှုနဲ့ လက်နက်တပ်ဆင်မှုတွေ ဆောင်ရွက်ထားနိုင်ပြီလို့လည်း ဆိုပါတယ်။
“ဒါနဲ့ တွဲပြီးတော့ တစ်ပြိုင်နက် chain of command တည်ဆောက်မှုပေါ့။ ကွပ်ကဲမှု၊ ဒါကိုလည်း ကျွန်တော်တို့ အတိုင်းအတာတစ်ခုအထိ ခရီးရောက်ခဲ့ပြီ။ အရေးကြီးဆုံးကတော့ PDF တပ်ရင်းတပ်ဖွဲ့တွေရဲ့ ဗျူဟာမြောက် တပ်ဖြန့်နေရာယူထားနိုင်မှုကလည်း ခရီးတစ်ခုကို ရောက်ခဲ့ပြီလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်” လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ရှေ့ဖြတ်ရမယ့်ခရီးက ပိုပြီးအရေးကြီးတဲ့အတွက် စနစ်တကျ Chain of Command ရှိရှိနဲ့ ဗျူဟာမြောက် အလုပ်လုပ်ရမှာဖြစ်ပြီး ဒီအစီအစဉ်ကို လက်ခံတဲ့ တော်လှန်ရေးအင်အားစုအားလုံးကို အသိအမှတ်ပြုကာ ထောက်ပံ့မှုရော လက်နက်တပ်ဆင်မှုပါ တစ်ပြိုင်နက်ဆောင်ရွက်နေတယ်လို့ သူက ဆိုပါတယ်။
အခုဆိုရင် PDF တပ်ရင်း ၃၀၀ ကျော်ပြီဖြစ်သလို အတည်ပြုပေးဖို့ တင်ပြထားတဲ့ တပ်ရင်းအသစ်တွေလည်း ရှိကြောင်း သိရပါတယ်။အကြမ်းဖက်စစ်တပ်မှာ လေကြောင်းအသုံးပြုနိုင်တာ အားသာချက်ဖြစ်သလို တော်လှန်ရေးအင်အားစုတွေအပေါ်မှာလည်း လေကြောင်းနဲ့အန္တရာယ်ပြု ခြိမ်းခြောက်နိုင်တာ အမှန်ဖြစ်ကြောင်း၊ ဒါပေမဲ့ လေကြောင်းဟာ စစ်ပွဲတစ်ပွဲရဲ့ အဆုံးအဖြတ်လို့ မပြောနိုင်ဘဲ တကယ့်အဆုံးအဖြတ်က မြေပြင်အင်အားသာဖြစ်ကြောင်း မြေပြင်အင်အားချင်း နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အကြမ်းဖက်စစ်တပ်အနေနဲ့ မြေပြင်မှာ တော်လှန်ရေးအင်အားစုတွေကို ရင်ဆိုင်နိုင်တဲ့အင်အား မရှိတော့ကြောင်း ဦးရည်မွန်က ပြောပါတယ်။
“ကျွန်တော်တို့မှာ ကျွန်တော်တို့ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးတော့မှ စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ပြုမှုကို ဘယ်လိုဟန့်တားကြမလဲဆိုတဲ့ အစီအစဉ်တွေလည်း ရှိပါတယ်။ ထိုက်သင့်တဲ့ ဝေဟင်ကို ပစ်ခတ်တားဆီးနိုင်တဲ့ လက်နက်များလည်း တဖြည်းဖြည်း တပ်ဆင်ထားနိုင်ပြီလို့ ကျွန်တော်အသိပေးလိုပါတယ်” လို့ ဦးရည်မွန်က ပြောပါတယ်။
ရုပ်သံကြည့်ရန်👇👇👇
ကိုလင်း