“NUG ရဲ့ လမ်းပြမြေပုံ အာဆီယံထိပ်သီးညီလာခံဆီ ပေးပို့”
မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ဥပဒေ၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ အားလုံးပါဝင်နိုင်မှုကို အခြေခံတဲ့ လေးနက်တဲ့ လမ်းပြမြေပုံကို ပြင်ဆင်ထားပြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက အာဆီယံထိပ်သီးညီလာခံဆီ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
NUG ဟာ ရိုဟင်ဂျာတွေအပါအဝင် မြန်မာပြည်သူတွေကို အကာအကွယ်ပေးနိုင်ဖို့နဲ့ ကူညီပေးနိုင်ဖို့ ဆောင်ရွက်နေပြီး NUG ရဲ့ လမ်းပြမြေပုံကို ပံ့ပိုးပေးဖို့ အာဆီယံကို တောင်းဆိုထားပါတယ်။ နိုဝင်ဘာ ၁ဝ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းအဝေးကို သဝဏ်လွှာ ပေးပို့ခဲ့တာပါ။
လူပေါင်း ၆ဝ ကျော် သေဆုံးခဲ့ရတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုကို ထောက်ပြပြီး ကိုယ့်လူမျိုးအချင်းချင်း ရက်စက်ကြမ်းကြုတ်မှုတွေ နေ့စဉ်ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေကို အာဆီယံအစည်းအဝေး ဖိတ်ကြားတာမျိုး မလုပ်သင့်ဘူးလို့ တိုက်တွန်းထားပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကိုလည်း စစ်ကောင်စီက ဆေးကုသမှု ပိတ်ပင်ခဲ့တာကြောင့် စစ်ကောင်စီဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကိုဘယ်တော့မှ အလေးမထားဘူးလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဒေသတွင်း မတည်ငြိမ်မှုတွေ ပိုများလာစေနိုင်ပြီး အာဆီယံအနေနဲ့ ပယ်ချဖို့လည်း NUG ယာယီ သမ္မတက တောင်းဆိုထားပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ နဲ့ တခြားသက်ဆိုင်သူတွေကို ထိတွေ့ဆက်ဆံဖို့လည်း အာဆီယံကို တိုက်တွန်းထားပါတယ်။
အလားတူ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း အမျိုးသားညီညွတ်ရေး အစိုးရကို အသိအမှတ်ပြုဖို့၊ စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ထွက်ပြေးလာရတဲ့ မြန်မာနိုင်ငံသားတွေကို အတင်းအကျပ် နေရပ် ပြန်မပို့ဖို့၊ အာဆီယံ မူငါးချက်ကို ပြန်လည် ပြင်ဆင်ပေးဖို့၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ပေးဖို့ စတဲ့ အချက်တွေကို တောင်းဆိုထားပါတယ်။
အာဆီယံ ထိပ်သီးအစည်းအဝေးတွေနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ အာဆီယံခေါင်းဆောင်တွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်သူ လူထူ လုံခြုံရေး၊ ကျန်းမာရေး၊ ဒီမိုကရေစီဆန္ဒနှင့် အကျိုးစီးပွားများအား ဦးစားပေးဆောင်ရွက်နိုင်စေရန် တိုက်တွန်းတယ်တောင်းဆိုထားပါတယ်။