လူထုတရားစီရင်ရေး ခံယူနိုင်စွမ်းရှိအောင် အသင့်ပြင်ထားကြရန်စစ်အုပ်စုကို ယာယီသမ္မတ သတိပေး
▪️ကြားကာလ ဖွဲ့စည်းပုံရေးဆွဲနေမှု အပါအဝင် NUG၏ နိုင်ငံရေးလမ်းပြမြေပုံကိုချပြ
▪️ခုခံစစ်တစ်နှစ်အတွင်းစစ်ကောင်စီဘက်က ၂၀,၀၀၀ကျော်သေဆုံးပြီး တိုင်းရင်းသားလက်နက်ကိုင်နှင့် PDF ရဲဘော် ၁,၅၀၀ ကျော်ကျဆုံး
ခင်ဝေ/People’s Spring
စစ်အာဏာရှင်ဖြုတ်ချရေး အဆုံးသတ်တိုက်ပွဲအနှေးနှင့်အမြန် ပေါ်ပေါက်လာမည်ဖြစ်ပြီး ကျန်နေသည့် စစ်အုပ်စုများအနေဖြင့် လူထုတရားစီရင်ရေး ခံယူနိုင်စွမ်းရှိအောင် ယခုကတည်းက အသင့်ပြင်ထားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
ယနေ့ (စက်တင်ဘာ ၇ရက်) ကျရောက်သည့် ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်ပြည့်နေ့၌ ယာယီသမ္မတက နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြားခဲ့ရာ ထိုသို့ အသိပေးခဲ့ခြင်းဖြစ်သည်။ စစ်အုပ်စုကို ခုခံတော်လှန်သည့် တစ်နှစ်ကျော်ကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDFများနှင့် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်များ၊ သူရဲကောင်းရဲဘော်များ ၁,၅၀၀ ကျော် ကျဆုံးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှ တပ်သားပေါင်း ၂၀,၁၅၀ ကျော် သေဆုံးကာ ၇,၀၀၀ ခန့်ဒဏ်ရာရခဲ့သည်ဟု ယာယီသမ္မတက ပြောသည်။
“အရေးကြီးဆုံးတာဝန်တစ်ရပ်အနေနဲ့ကတော့ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ် လူသားများအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပေါင်းများစွာကို ကျူးလွန်ထားတဲ့ ဖက်ဆစ်အကြမ်းဖက် စစ်အုပ်စုက စစ်ရာဇဝတ်သားတွေကို တရားစွဲအရေးယူ အပြစ်ပေးနိုင်ဖို့ လုပ်ရမှာ ဖြစ်ပါတယ်။ကျွန်တော်တို့တွေ အမှန်တရားနဲ့ တရားမျှတမှု မုချ ပြန်လည်ဖော်ထုတ်ရယူသွားမှာ ဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။
လာမယ့် တစ်နှစ်အတွင်း ယခုထက်ပိုမိုကျယ်ပြန့်သည့် နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာရေး ရလဒ်တွေ ထွက်ရှိဖို့ အရှိန်အဟုန်မြင့် အားသွန်ခွန်စိုက် ကြိုးပမ်းနေသည်ဟု ၎င်းက ဆိုသည်။
“စစ်အာဏာရှင်ဟာ အဖက်ဖက်က မှေးမှိန်ချိနဲ့လာနေပါပြီ။ ဖက်ဆစ်တွေကို အမြစ်ဖြတ်သုတ်သင်ပေးမယ့် အဆုံးသတ်တိုက်ပွဲဟာ အနှေးနဲ့အမြန် ရောက်လာလိမ့်မယ်။ အဲဒီအခါ ကျန်တဲ့ အုပ်စုအနေနဲ့ လူထု တရားစီရင်ရေးကို ခံယူနိုင်ဖို့ ရင်ဆိုင်နိုင်စွမ်းရှိအောင် အခုကတည်းကနေ ကိုယ့်ကိုယ်ကိုယ် အသင့်ပြင်ထားကြဖို့ ဒီကနေ အသိပေးလိုက်ချင်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။
နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့်လည်း ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တန်းတူရေး၊ လွတ်လပ်ခွင့်တို့အတွက် တိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူလူထုကို လုံလောက်သည့် နည်းပညာ၊ လက်နက်ခဲယမ်းနှင့် ငွေကြေးအထောက်အပံ့များ၊ လူသားချင်းစာနာမှု အကူအညီများ ပေးကြရန် အလေးအနက် ပြောကြားလိုသည်ဟု ယာယီသမ္မတ၏ မိန့်ခွန်း၌ ပါရှိသည်။
စစ်ကောင်စီ ဝင်ငွေရလမ်းများကို ဖြတ်တောက်ရန် ယာယီသမ္မတက နိုင်ငံတကာအား တိုက်တွန်းခဲ့ပြီး စစ်ကောင်စီကို တိုက်ရိုက်အကျိုးပြုသည့် အထောက်အပံ့များသည် အကြမ်းဖက် အဖွဲ့အစည်းကို ထောက်ပံ့မှုများ ဖြစ်သည်ဟု သတိပေးသည်။
“ဒီအာဏာသိမ်းအုပ်စုဟာ အကြမ်းဖက် အဖွဲ့အစည်းသာဖြစ်ပြီး ပြည်သူကို ကိုယ်စားပြုတဲ့ အစိုးရ လုံး၀ မဟုတ်ပါဘူး” ဟု ယာယီသမ္မတက ပြောသည်။
ခုခံတွန်းလှန်စစ် တစ်ဆင့် တက်လှမ်းရန် အဓိက ဖြစ်သည့် ဘဏ္ဍာရန်ပုံငွေကို တက်စွမ်းသရွေ့ ထောက်ပံ့ကြရန်လည်း ပြည်သူလူထုများအား ယာယီသမ္မတက တိုက်တွန်းခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ခုခံတော်လှန်စစ် ဆင်နွှဲရာ၌ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်များနှင့် တသားတည်း ပူးတွဲလုပ်ဆောင်နေသည်ဟု ယာယီသမ္မတက ပြောသည်။
တရားမျှတမှု၊ တန်းတူညီမျှမှု လူသားလွတ်လပ်ခွင့်တွေကို အပြည့်အ၀ တန်ဖိုးထားသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်အဖြစ် တည်ဆောက်ရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ – NUCCက ချမှတ်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် လမ်းပြမြေပုံအတိုင်း ဆောင်ရွက်နေကြောင်း ပြောသည်။
” ပထမဦးစွာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် အမြစ်ပြတ်ချေမှုန်း သုတ်သင်မယ်” ဟု ယာယီသမ္မတက ပြောကြားပြီး လက်ရှိ တော်လှန်ရေးကာလ တစ်နည်းကာလ ကြားကာလအတွင်းအသွင်ကူးပြောင်းရေးကာလဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို NUCC၏ ဦးဆောင်မှုဖြင့် ရေးဆွဲရေး လုပ်ငန်းကို စတင်နေသည်ဟု အသိပေးသည်။
တော်လှန်ရေးအောင်မြင်ပြီးချိန်၌ အသွင်ကူးပြောင်းရေးကာလ အစိုးရ အဖွဲ့ကို ယင်းအသွင် ကူးပြောင်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။
“အသွင်ကူးပြောင်းရေးကာလအတွင်းမှာ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ရေးဆွဲပြီး ပြည်သူ့ဆန္ဒခံယူပွဲနဲ့ အတည်ပြုသွားမှာ ဖြစ်ပါတယ်။ အဲဒီနောက် အထွေထွေရွေးကောက်ပွဲကြီးကို လွတ်လပ်မျှတစွာ ကျင်းပပြုလုပ်ပါ့မယ်။ အဲဒီကနေ တစ်ဆင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။
(အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတမိန့်ခွန်းပြောကြားနေစဥ်။ ။ဓါတ်ပုံ-NUG)